Outdoor Portraits ရိုက်တော့မယ်ဆိုရင် သိထားသင့်တဲ့ အခြေခံအချက် (၁၀) ချက် by Arthur
ကင်မရာဝယ်ပြီးပြီဆိုရင် Outdoor Portrait ရိုက်ဖို့ အခွင့်အလမ်းလေးတွေ ပေါ်လာတတ်ပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေက ခေါ်ရိုက်ခိုင်းကြသလို ဝါသနာတူတဲ့လူတွေစုပြီးတော့လည်း မော်ဒယ်ရှာပြီး ရိုက်လေ့ရှိကြပါတယ်။ အဲဒီလို ရိုက်ကူးကြတဲ့အခါမှာ သိသင့်တဲ့အခြေခံအချက်လေးတွေ၊ အသုံးဝင်မယ့်အခြေခံအချက်ကလေးတွေကို ဟိုက ဒီကနေ ရှာဖွေဖတ်ရှုထားတာလေးတွေ၊ ကြားဖူးထားတာလေးတွေ ကို ပြန်ပြီးမျှဝေလိုက်ပါတယ်။ လုံး၀ အပြည့်စုံကြီးမဟုတ်သော်လည်း သတိထားရမယ့် အချက်ကလေးတွေကို သိရှိသွားရင် ကျေနပ်ပါတယ်။ အခြေခံအချက်လေးတွေကို ရေးသားထားခြင်းဖြစ်တဲ့အတွက် လိုအပ်ချက်ရှိတာလေးတွေ၊ ထပ်ဖြည့်ချင်တာလေးတွေရှိရင် ကွန့်မန့်မှာ ရေးပေးထားခဲ့ကြပါလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

(၁) နေရာကို သေချာရွေးပါ။

အောက်ဒိုးရိုက်မယ်လို့ စဉ်းစားပြီဆိုတာနဲ့ ဘယ်မှာရိုက်မလဲဆိုတာက အင်မတန်အရေးကြီးပါတယ်။ နေရာကို သေချာသိပြီဆိုတာနဲ့ မရိုက်ခင်မှာ သွားကြည့်ထားနိုင်ရင် ပိုလို့ကောင်းပါတယ်။ အောက်ဒိုးလို့ ဆိုလိုက်တာနဲ့ လူတော်တော်များများက ပန်းခြံတွေ၊ ရေကန်တွေ၊ ပင်လယ်ကမ်းခြေတွေ အစရှိတဲ့ သဘာဝရှုခင်းတော်တော်များများကို စဉ်းစားမိကြပါတယ်။ ဒါကြောင့် ဒီနေရာမှာ အကြံပေးလိုတာက အဲဒီလို သဘာဝအလှအပတွေအပြင် ကျနော်တို့ ပတ်ဝန်းကျင်က လှပထူးခြားတဲ့ အဆောက်အဦးတွေ၊ ပြောင်မြောက်တဲ့ ဗိသုကာလက်ရာတွေရှိတဲ့ နေရာမျိုးကို ထည့်သွင်းစဉ်းစားဖို့ မမေ့စေလိုပါဘူး။ နံရံတွေ၊ လှေကားတွေ၊ ပြတင်းပေါက်တွေကလည်း အံ့သြစရာ ကောင်းလောက်အောင် ထူးခြားကောင်းမွန်တဲ့ Portrait ပုံတွေ ရရှိနိုင်ပါတယ်။

အရေးကြီးတာက အောက်ဒိုးရိုက်ဖို့ရွေးလိုက်တဲ့နေရာက အရမ်းကို ရှုပ်ရှက်ခပ်ပြီး ဆူညံနေတဲ့နေရာမျိုးဖြစ်မနေပဲ အရိုက်ခံမယ့်မော်ဒယ်နဲ့ ဓာတ်ပုံဆရာအတွက် ကောင်းမွန်တဲ့ အာရုံစုစည်းမှုရဖို့ ထိုက်သင့်တဲ့ ဆိတ်ငြိမ်မှု ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဓာတ်ပုံဆရာလိုချင်တဲ့ အနေအထားကိုညွှန်ကြားရာမှာ မော်ဒယ်က အသေအချာ အာရုံစုစည်းပြီး လိုက်နာနိုင်မှာဖြစ်ပါတယ်။

 

(၂) အဝတ်အစားကို သေချာရွေးပါ။

အမြင်အာရုံမှာ လှပဆန်းသစ်တဲ့ Portrait ပုံကောင်းကောင်းလေးတွေရချင်ရင် ရိုက်ကူးမယ့်မော်ဒယ်ရဲ့ အဝတ်အစားကလည်း အရေးပါ ပါတယ်။ မော်ဒယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားကို ကြိုတင်တိုင်ပင် ရွေးချယ်ထားနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ တကယ်လို့ မော်ဒယ်က တစ်ယောက်ထက်ပိုနေ တယ်ဆိုရင် သူတို့ဝတ်လာမယ့် အဝတ်အစားတွေဟာ ဟန်ချက်ညီနေဖို့ လိုပါတယ်။ အဝတ်အစားကလည်း ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ အချက်တချက်ပါ။

မော်ဒယ်ရဲ့အသားအအရည်နဲ့ လိုက်ဖက်မယ့် အဝတ်အစားကို မှန်ကန်စွာရွေးချယ်တတ်ဖို့လိုပါမယ်။ အဝတ်အစားတင်မကပဲ ဆွဲကြိုး၊ လက်ကောက်၊ ဟန်းချိန်း၊ ဦးထုပ်၊ နာရီအစရှိသဖြင့် အပိုပစ္စည်းလေးတွေပါရင် ပိုလို့အသက်ဝင်ပါတယ်။ ရွေးချယ်ထားတဲ့ အဝတ်အစားနဲ့ ပတ်ဝန်းကျင်အနေအထားကလည်း ဟာမိုနီဖြစ်နေဖို့ လိုအပ်ပါတယ်။

 

(၃) လန်းစ် အရှည်ကို အသုံးပြုပါ။

လန်းစ်အရှည်ကို အသုံးပြုခြင်းအားဖြင့် ကိုယ်ရိုက်ကူးမယ့် အရာဝတ္ထုအပေါ်မှာ ဖိုးကပ်စ်ထားတဲ့အခါမှာ နောက်ခံဘက်ဂရောင်းတွေကို ဝါး သွားပြီး ဖိုးကပ်စ အပြင်ဘက်ကို ရောက်သွားအောင်လုပ်လို့ရမှာဖြစ်ပါတယ်။ အဲဒီလို ရိုက်ကူးရတာကလည်း Portrait ရိုက်ရခြင်းရဲ့ အရသာတခုဖြစ်ပါတယ်။ အများစုက ကြိုက်နှစ်သက်ကြတဲ့ လန်းစ်ကတော့ 70-200mm F2.8 လို လန်းစ်မျိုးပါ။ Portrait ရိုက်တော့မယ်ဆိုရင် 50mm အောက်လျှော့တဲ့ လန်းစ်ကို မသုံးစေချင်ပါဘူး။ အကောင်းဆုံးကတော့ 70mm နဲ့အထက်ကို သုံးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ Focal Length (150mm-200mm) ကို အသုံးပြုပြီးရိုက်ရင်တော့ ရိုက်ကူးမယ့် မော်ဒယ်(အရာဝတ္ထု)နဲ့ နောက်ခံဘက်ဂရောင်းကို ပိုမိုကွဲပြားစေမှာ ဖြစ်ပါတယ်။

 

(၄) ပို့စ် ကို ဥပမာပေးပြီး ခိုင်းပါ။

ကိုယ်ဖြစ်စေချင်တဲ့ ပို့စ် ကို မော်ဒယ်ကို လုပ်ခိုင်းတဲ့အခါမှာ ဥပမာလေးတွေနဲ့ ပြောပြီး ခိုင်းတာက ပိုအဆင်ပြေပါတယ်။ နောက်ပြီး ဖြစ်စေချင်တဲ့ ပို့စ်အနေအထားကို ဓာတ်ပုံဆရာက လုပ်ပြနိုင်ရင် ပိုကောင်းပါတယ်။ ဓာတ်ပုံဆရာက ပို့စ် နမူနာ လုပ်ပြလိုက်တဲ့အခါမှာ မော်ဒယ်တွေက ချက်ခြင်းသဘောပေါက်လာပြီး ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကို အလွယ်တူ လျင်ထျင်မြန်မြန် သဘောပေါက်သွားကြတာ များပါတယ်။ အဲလို လုပ်ပြခြင်းအားဖြင့် ဓာတ်ပုံဆရာနဲ့ မော်ဒယ်ကြားမှာ ပိုပြီး ရင်းနီးမှုရလာပြီး အပေးအယူပိုတည့်လာကာ ပုံကောင်းကောင်းလေးတွေ ထွက်လာတာ သတိထားမိပါတယ်။

 

(၅) Tripod ကိုလိုအပ်သလို သုံးပါ။

Tripod ကို သုံးခြင်းအားဖြင့် ဖိုးကပ်စ်ကို တိတိကျကျဖမ်းယူနိုင်ပြီး ငြိမ်(stable)ဖြစ်တဲ့ ပုံတွေကို ရရှိနိုင်ဖို့ အခွင့်အရေးများပါတယ်။

 

(၆) မျက်လုံးကို ဖိုးကပ်စ် ယူပါ။

Portrait ရိုက်တော့မယ်ဆိုရင် မော်ဒယ်ရဲ့ မျက်လုံးကို ဖိုးကပ်စ် ရအောင်ယူခြင်းအားဖြင့် အသက်ဝင်တဲ့ Portrait ပုံတွေကို ရရှိမှာဖြစ်ပါတယ်။ မျက်လုံးကို ဖိုးကပ်စ် ယူဖို့ လုံးဝမမေ့ပါနဲ့။

 

(၇) အချိန်ရွေးချယ်မှု မှန်ကန်ပါစေ။

Outdoor Portrait ရိုက်တော့မယ်ဆိုရင် အလင်းရောင်အရမ်းမစူးရှတဲ့ အချိန်တွေကို ရွေးပါ။ ဥပမာ မနက်ပိုင်း ၁၀နာရီမတိုင်ခင် နဲ့ ညနေပိုင်း ၃နာရီနောက်ပိုင်း အချိန်မျိုးဟာ အကောင်းဆုံးပေါ့ဗျာ(စင်ကာပူကို အခြေခံပြီးပြောတာပါ)။ နေရောင်ရဲ့ လာရာလမ်းကြောင်းကို သိတဲ့အတွက် အလင်းရောင်အနေအထားကို ကိုယ်လိုသလို ချိန်ညှိယူလို့ရပါတယ်။

 

(၈) Reflector ကိုသုံးပါ။

ဘာလို့ Reflector ကို သုံးရသလဲဆိုရင် ကိုယ်လိုချင်တဲ့ နေရာမှာ အလင်းရောင်မရောက်ရှိခဲ့ရင် အဲဒီနေရာကို အလင်းရောင် ရောက်ရှိအောင် စွမ်းဆောင်နိုင်လို့ပါ။ Reflector ကို သုံးခြင်းအားဖြင့် မော်ဒယ်အပေါ်မှာ ကျနေတဲ့ အလင်းရောင်ကို ချိန်ညှိပြီးသားလည်း ဖြစ်သွားပါတယ်။

 

(၉) Softbox သုံးပါ။

တခါတရံမှာ Reflector နဲ့ ချိန်ညှိယူလို့မရတဲ့ အလင်းဖျော့ဖျော့အနေအထားကို လိုချင်လာရင် Softbox ကလိုအပ်ပါတယ်။ Softbox က နေရောင်တိုက်ရိုက်ကျနေတာကို အလင်းညီသွားအောင် ပြောင်းလဲပေးနိုင်ပြီး သဘာဝကျတဲ့ အလှအပကို ရရှိစေနိုင်ပါတယ်။

 

(၁၀) RAW Format ကို အသုံးပြုပါ။

RAW format ဟာ unprocessed အဖြစ်မှာပဲရှိပါသေးတယ်။ အဲဒါကြောင့် ကာလာ၊ contrast နဲ့ exposure ကို ဆော့ဖ်ဝဲ နဲ့ ချိန်ညှိလို့ရပါသေးတယ်။ တခါတရံမှာ ရိုက်ကူးလိုက်တဲ့ပုံရဲ့ exposure ကမမှန်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ underexposed လို့ခေါ်တဲ့(loss of detail in the shadows) ရယ် overexposed ဆိုတဲ့ (loss of detail in the highlight)မျိုး ဖြစ်တတ်ပြီး ရိုက်ကူးထားတဲ့ ပုံကို ကောင်းမွန်စွာ မရတတ်ပါဘူး။ နောက်တခုက jpg နဲ့ ရိုက်ကူးတဲ့အခါမှာ ပုံတွေကို format ပြောင်းပြီး သိမ်းဆည်းလိုက်ရင် ကွာလတီကျသွားတာမျိုးဖြစ်တတ်ပါတယ်။ RAW နဲ့ရိုက်ကူးရင်တော့ ချိန်ညှိပြီးလို့ RAW ကနေ JPEG အဖြစ်ပြောင်းလိုက်တဲ့အခါမှာလည်း ပုံရဲ့ အရည်အသွေးကို ကျဆင်းသွားတာမျိုး မရှိပါဘူး။

 

by Arthur

Source:

Read More Blogs:

Read More Discussion in Forum:

ဒီ Note လေးကကျွန်တေ်ာရေးထားတာမဟုတ်ပါဘူးခင်ဗျာ ကျွန်တေ်ာ့စီနီယာတွေ ရေးထားတာလေးကိုပြန်ရှာပီးတင်လိုက်တာပါ။

 

 

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ။