ဓာတ်ပုံဆရာနှင့် အဆင့်(၇)ဆင့် (ကျော်နန္ဒ) သဘာဝမြန်မာဓာတ်ပုံမဂ္ဂဇင်း (အတွဲ ၁၊ အမှတ် ၁၊ သြဂုတ်၊ ၂၀၁၂)မှ
ဓာတ်ပုံဆရာ ဒါမှမဟုတ် ဖိုတိုဂရပ်ဖာ ဘယ်လိုပဲခေါ်ခေါ် ကင်မရာကိုင်ပြီး တစ်ချပ်ချပ် တစ်ဖျပ်ဖျပ် ရိုက်တတ်ကြတဲ့ လူတန်းစားတစ်ရပ်ကို အဆင့်ခွဲခြားသတ်မှတ်မယ်ဆိုရင် အောက်ပါအတိုင်း ခုနစ်ဆင့် ရနိုင်ပါမယ်။

အွန်လိုင်း ဂုရုများ။ ။အဆင့် သုည

ဒီအဆင့်မှာရှိတဲ့ လူတွေဟာ ဓာတ်ပုံကို မယ်မယ်ရရ မရိုက်ကြတဲ့အတွက် ဓာတ်ပုံဆရာဆိုတဲ့ အဆင့်ထဲတောင် ထည့်ဖို့ရာ အံမဝင်ပါ။ ဒီလူတန်းစားဟာ အင်တာနက်ဆိုတာ မပေါ်ခင်က မရှိခဲ့ပါဘူး။ အတော်များများဟာလဲ အမျိုးသားများ ဖြစ်နေတတ်ပါတယ်။ ယောကျ်ားလေးတို့ ထုံးစံအတိုင်း မော် တော်ကား၊ ဆိုင်ကယ်၊ သေနတ်၊ ဒုံးပျံ စတဲ့ နည်းပညာနဲ့ ဆက်စပ်တာတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ အဲဒီလိုပဲ သူတို့ ဟာ ဖိုတိုဂရပ်ဖီနဲ့ ပတ်သက်တဲ့ အင်တာနက်စာမျက်နှာတွေ၊ ဖိုရမ်တွေကို ဝင်ကြည့်တတ်ကြတယ်။ ကင်မရာအသစ်တစ်ခု ထွက်ရင် အွန်လိုင်းရီဗျုးတွေ၊ စမ်းသပ်ချက်တွေ လိုက်ရှာဖတ်တတ် ကြတယ်။ နောက်ဆုံးထွက် ဘယ်ကင်မရာက ရီဇော်လူးရှင်းက ဘယ်လောက်ရှိပြီး အိုင်အက်စ်အိုက ဘယ်လိုကောင်းတာ၊ ဘယ်မှန်ဘီလူးနဲ့ ဘယ်မှန်ဘီလူးမှာ ဘယ်ဟာက ပြတ်သားမှု ကောင်းတယ်။ ဘယ်ကင်မရာနဲ့ ဘယ်ကင်မရာဆိုရင် စကင်းတုန်းက ဘယ်ဟာကပိုကောင်းတယ် အစရှိသဖြင့် ဖတ်ထားမှတ်ထားတာတွေနဲ့ ဓာတ်ပုံလောကသားတွေတောင် ပါးစပ် အဟောင်းသားနဲ့ နားထောင်ရလောက်အောင် ဝေဖန်လေကန်တတ်ကြပါတယ်။ဒါပေမယ့်သူတို့ပြောနေတဲ့ ကင်မရာတွေ မှန်ဘီလူးတွေကို လက်တွေ့ဘဝမှာ တစ်ခါမှကိုင်တွယ်ဖူးခြင်း မရှိကြပါဘူး။ ဒီလိုဖတ်မှတ်ပြီး ပြောနေရရင်ပဲ ဖိုတိုဂရပ်ဖာ လူရာဝင်ပြီလို့ ထင်မှတ်နေတတ်ကြသူများပါပဲ။ ဘာနဲ့ အလားသဏ္ဌာန်တူသလဲဆိုရင် ပြိုင်ကားတွေအကြောင်းပါတဲ့ ကတ်တလောက်စာအုပ်ကြီးကို အဖန်တလဲလဲဖတ်ပြီး သွားရည် ကျနေတဲ့ ကလေးလိုပါပဲ။ တကယ်တမ်း ကားပေါ်တက်မောင်းဖို့ရာ (၁၈)နှစ်မပြည့်သေးတဲ့အတွက် ယာဉ်မောင်းလိုင်စင်လည်း မရနိုင်သေးသလို အသက်ပြည့်လို့ ယာဉ်မောင်း လိုင်စင်ရခဲ့လဲ ပြိုင်ကားဝယ်ဖို့ မဖြစ်နိုင်သလိုပါ။ မော်တော်ကားအင်ဂျင်မှာ တပ်ထားတဲ့ မူလီနဲ့နပ်တွေရဲ့ ခံနိုင်ဝန်နဲ့ အရစ်အရေအတွက်ကို သိတာနဲ့ မော်တော်ကားပေါ်တက်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်း ကောင်းကောင်းမွန်မွန် မောင်းတတ်တာနဲ့ တခြားစီဖြစ်သလိုပါပဲ။ ဒါကြောင့်မို့ သူတို့ကို ဓာတ်ပုံဆရာအဆင့်ထဲတောင် မထည့်ဘဲ ပေယျာလကန် လုပ်ထားလို့ရပါတယ်။ သူတို့ကတော့ ဓာတ်ပုံရိုက်ဖို့ထက် အွန်လိုင်းမှာ ရီဗျူးတွေ ရှာဖတ်ပြီး လေပန်း နေကြဦးမှာပါပဲ။

တက်ကနစ်ရှင် အရူးများ။ ။ အောက်ဆုံး အဆင့် (၁)

ဖိုတိုဂရပ်ဖာ ဘိတ်ချေး အဆင့်လို့ ပြောရမယ့် ဒီလူတွေ (အမျိုးသားများသာ အများစု) ဟာ ခေသူတွေ တော့ မဟုတ်ကြပါဘူး။ သူတို့ဟာ ဟုမ်းသီရေတာ စစ်စတမ်၊ နောက်ဆုံးပေါ် လက်ပ်တော့နဲ့ ဟန်းဆက် အကောင်းစား အစရှိတဲ့ ခေတ်ပေါ်အသုံးအဆောင် ပစ္စည်းများ ဝယ်ကိုင်နိုင်တဲ့ လူတန်းစားပါ။ ပြီးတော့အလုပ်အကိုင်ကလည်း အင်ဂျင်နီယာ၊ ဒေါက်တာ၊ ကွန်ပျူတာလုပ်ငန်းရှင် အစရှိတဲ့ ပေါ့သေးသေးမဟုတ်တဲ့ အလုပ်များနဲ့ အသက်မွေးသူများ ဖြစ်တတ်ပါတယ်။ သူတို့ဟာ လက်ကိုင်ဖုန်းဟန်းဆက်အသစ် ပေါ်တိုင်းလည်း ကိုင်တတ်သလို ကင်မရာကိုလည်း မော်ဒယ်အသစ် ပေါ်တိုင်း လဲကိုင်တတ်ကြပါတယ်။ သင်သာခွင့်ပြုလိုက်ရင် သူတို့ရဲ့ ကင်မရာအိတ်ကြီးကိုဖွင့်ပြီး ကင်မရာဘော်ဒီတွေ၊လန်းစ်တွေကို ထုတ်ကြွားဖို့ တက်တက်ကြွကြွရှိသူတွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဝယ်ထားတဲ့ ပစ္စည်းတွေ ဈေးဘယ်လို သင့်ပြီး ဘယ်လိုကောင်းကြောင်း၊ ဘယ်လို အချိန်ယူ လေ့လာပြီးမှ ဝယ်ယူ စုဆောင်းထားတာဖြစ်ကြောင်း၊ တံတွေးစင်မတတ် ရှင်းပြတတ်ကြပါတယ်။ တကယ်လည်း သူတို့ဝယ်ထားတဲ့ပစ္စည်း တွေအကြောင်း မဝယ်ခင်ကကော ဝယ်ပြီးတဲ့နောက်ကော စေ့စေ့ညက်ညက် လေ့လာတတ်သူများလည်း ဖြစ်ကြပါတယ်။ သို့ပေသော်ငြားလည်း ဒီလူတွေမှာ အနုပညာ၊ ဓာတ်ပုံပညာနဲ့ ပတ်သက်တဲ့ခံယူချက်တွေ မရှိတတ်ကြပါဘူး။သင်သတိထား မိတာက သူတို့ ကင်မရာတွေကိုသာ ထုတ်ပြဖို့ဝန်မလေး ပေမယ့် သူတို့ရိုက်ထားတဲ့ ပုံတွေကိုတော့ထုတ်ပြဖို့ တွန့်နေတတ်ကြပါတယ်။ သူတို့ရိုက်ထားသမျှတွေကလည်း ကင်မရာစမ်းတဲ့၊ မှန်ဘီလူးစမ်းတဲ့ ပုံတွေသာများပြီး လောက် လောက်လားလား တစ်ပုံကောင်း နှစ်ပုံကောင်းဟာ တော်တော်လေး ရှာဖွေရမှာဖြစ်ပါတယ်။ ပြီးတော့ ဓာတ်ပုံတစ်ပုံကောင်းဖို့ အဓိကအချက်ဟာ အလင်းဆိုတာမဟုတ်ဘဲ ကင်မရာလို့ တလွဲထင်နေတတ်သူများပါ။ ဓာတ်ပုံထွက်ရိုက်ဖို့ထက် အင်တာနက်က ဓာတ်ပုံဝက်ဘ်ဆိုတ်တွေမှာ အသင်းဝင်ပြီး သူတို့လိုလူအချင်းချင်း ကင်မရာ အိုင်အက်စ်အိုစမ်းတာ၊ မှန်ဘီလူးပြတ်သားမှု စမ်းတာတွေ ဖလှယ်နေတတ်ကြပါတယ်။ သူတို့ ကိုယ်ပိုင်အင်တာနတ်ဆိုဒ်တွေ ထောင်ထားတတ်ကြပြီး အဲဒီမှာလည်း ရိုက်ထားတဲ့ဓာတ်ပုံတွေ တင်မထားဘဲ သူတို့ နောက်ဆုံးဝယ်ထားတဲ့ ပစ္စည်းတွေအကြောင်း ရီဗျုးတွေ ရေးနေ တတ်ကြပါတယ်။ အဲဒီလူတွေတင်သမျှကိုလည်း အထက်မှာ ဖော်ပြခဲ့တဲ့ သုညအဆင့်လူတွေက တရေးတယူလုပ်ပြီး ဖတ် တတ်ကြပါတယ်။

ဝါသနာရှင် သူဌေးများ။ ။အဆင့် (၂)

ဒီလူတွေဟာပြီးခဲ့တဲ့ တစ်ဆင့်ထက်တော့ ဓာတ်ပုံ ပညာပိုင်းမှာ အတန်ငယ်သာပါတယ်။ ဆင်းရဲတဲ့လူတွေရဲ့ သနားစရာဘဝတွေကို ရိုက်လာပြီး ဂရိန်ထနေတဲ့ အဖြူ အမည်းပုံ ပြောင်းလိုက်ရင် တော်တော်လေး အနုပညာ မြောက်သောပုံဖြစ်ပြီလို့ ထင်နေတတ်ကြပါတယ်။ သူတို့ ဟာ လူချမ်းသာများဖြစ်ကြပြီး သူတို့ရဲ့အနုပညာကို လွတ် လပ်စွာဖန်တီးနိုင်ဖို့ တတ်နိုင်သမျှ အမြင့်ဆုံးကင်မရာကို ရွေးကိုင် တတ်ကြပါတယ်။ Leica, Canon, Nikon အစရှိသည်ဖြင့် Brand တစ်ခုခုကိုရွေးချယ်ပြီး အကောင်းဆုံးဆိုတဲ့ ဘော်ဒီ၊ အကောင်းဆုံးဆိုတဲ့ မှန်ဘီလူးများကို ရွေးဝယ်တတ်ကြပါ တယ်။ တက်ကနစ်ရှင်အရူးတွေနဲ့ ကွာတာက ဝါသနာရှင် သူဌေးတွေဟာ အကောင်းဆုံး(ဈေးအများဆုံး) ဆိုတာကို ရွေးဝယ်ထားတာဖြစ်တဲ့အတွက် သူတို့ပစ္စည်းတွေအတွက်စိတ်ပူ ခြင်းသိပ်မရှိဘဲ ဓာတ်ပုံထွက်ရိုက်နိုင်တာပါပဲ။ ဒါပေမယ့် သူတို့ကို ကင်မရာအစုတ်လေးတွေ လက်ထဲထည့်ပြီး ရိုက်ခိုင်းရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးပြီး လုံးဝမရိုက်တတ်ကြတော့တဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ သူတို့ပစ္စည်းတွေအတွက် ကောင်းပါ့မလားဆိုတာ ပူပန်ပြီး ဓာတ်ပုံထွက်မရိုက်ဘဲ အွန်လိုင်းမှာ လေ့လာရေး ထွက်နေပြီဆိုရင်တော့ အချိန်မရွေးပဲ အောက်အဆင့်တွေကို ကျသွားမှာကတော့ အသေအချာပါ။

ကြေးစားဓာတ်ပုံဆရာများ။ ။အဆင့် (၃)

ဒီလူတွေက တကယ့်ကို ကြေးစားတွေပါ။သူတို့ရဲ့ စားဝတ်နေရေးအတွက် ရာနှုန်းပြည့်ဝင်ငွေကို ဓာတ်ပုံရိုက်ပြီး ရောင်းစားခြင်းနဲ့ပဲ ရှင်သန်ပါတယ်။ သူတို့အတွက် အနုပညာ တွေဘာတွေလုပ်ဖို့ အချိန်မပေးပါဘူး။ ရိုက်တဲ့ပုံက ပိုက်ဆံရဖို့ပဲ အရေးကြီးပါတယ်။ သူတို့ဟာ ဓာတ်ပုံနဲ့ဆက်စပ်စ္စည်းမှန်သမျှကို တီးမိခေါက်မိရှိသလို တော်တော်တန်တန်ပုံကောင်းတစ်ပုံရ အောင်လည်း ရိုက်ကူးနိုင်တဲ့ အရည်အချင်းတွေရှိကြသော်လည်း စိတ်ကူးတွေ ခံစားချက်တွေ ဖော်ကျူးတာမျိုး ရိုက်ဖို့ မစဉ်းစားအားကြပါဘူး။ သူတို့အတွက် တစ်ခါတလေ ကိုယ် ပိုင်အချိန်တွေရခဲ့မှသာ ပုံကောင်းတွေဖန်တီးဖို့အခွင့်သာမှာပါ။ ကြေးစားဓာတ်ပုံဆရာတွေအတွက် ကင်မရာဆက်စပ်ပစ္စည်းတွေ ဆိုတာဟာ ပျက်လို့ပြင်ဆိုင်ပို့ရမယ့်အဆင့် မရောက်မချင်း ခေါင်းထဲထည့် မစဉ်းစားအားပါဘူး။ ဘယ်နေ့မှာဘာပွဲကို ကန်ထရိုက် လက်ခံရိုက်ရအောင် လုပ်ရမလဲ၊ ဘယ်ဓာတ်ပုံဆရာ၊ ဘယ်ဓာတ်ပုံတိုက်ကတော့ ဈေးဘယ်လောက်ချနေပြီဆိုတာတွေ ပဲ ပူပန်နေတတ်ပါတယ်။ ကင်မရာဈေး မှန်ဘီလူး ဈေးတွေ ဆိုတာကိုလည်း သုံးလေးနှစ်တစ်ခါ လိုအပ်လို့ဝယ်ရပြီဆိုတဲ့ အချိန်ကလွဲပြီး ဓာတ်ပုံကူးတဲ့ ဆိုင်တွေက လစဉ်ပုံကူးနှုန်းထား ဈေးအတက်အကျကိုပဲ စိတ်လှုပ်ရှားပါတယ်။ နောက်ပြီး ကြေးစားဓာတ်ပုံဆရာတွေဟာ သဘာဝရှုခင်းတွေရိုက်ခဲပါတယ်။ ကင်မရာတွေကိုလည်း ဝါသနာရှင်သူဌေးတွေလို အကောင်းစား မကိုင်ကြပါ။ ကိုယ်ပိုင်ဝက်ဘ်ဆိုတ်ထောင်ပြီးလည်း ပုံမတင်ကြပါ။ ကင်မရာရီဗျူးတွေလည်း မရေးကြပါ။

ပုံရိပ်ဖမ်းသူများ။ ။အဆင့် (၄)

ဒီအဆင့်က နားလည်ဖို့ခက်သလို လူအများစု ပါဝင်နေတာတွေ့ရမှာပါ။ သူတို့ဟာ တကယ်ရိုက်ပါတယ်။ အများကြီးရိုက်ပါတယ်။ မိသားစုဝင်တွေကြီးပြင်းလာတာတွေကအစ ကြုံသမျှအဖြစ်အပျက်တွေ၊ ရောက်သမျှနေရာတွေ၊ တွေ့သမျှ လူတွေ စသည်ဖြင့် အကုန်မှတ်တမ်းတင်ပါတယ်။ သူတို့ဟာ ဂရပ်ဖစ်ဒီဇိုင်နာ၊ ပန်းချီဆရာ၊ ဗိသုကာ၊ စာပေသမားစသည်ဖြင့် အနုပညာဆက်စပ်သူတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ သူတို့ဆီက ထူးထူးခြားခြားပုံကောင်းတွေလည်း ရတတ်ပါတယ်။ အဲဒီပုံတွေကိုလည်း လူအများကြည့်ရအောင် အပြင်မှာဖြစ်ဖြစ် အင်တာနက်ကတဆင့် ဖြန့်ဝေပြတတ်ကြပါတယ်။သူတို့ဟာ ကင်မရာထက် ကင်မရာနောက်က လူက ပိုအရေးကြီးတယ် ဆိုတာကိုလည်း သိထားကြပါသေးတယ်။ ဒါကြောင့် သူတို့ အတွက် အိတ်ဆောင်ကင်မရာလေးတွေနဲ့လည်း ကင်မရာ အကြီးတွေနဲ့ ရိုက်သလို ကြည့်ကောင်းတဲ့ ပုံရအောင် ရိုက်ပြဖို့ ဝန်မလေးတတ်ကြပါဘူး။ လက်ကိုင်ဖုန်းကင်မရာနဲ့ လက်စွမ်းပြချင်ပြတတ်ကြပါသေးတယ်။ သူတို့ဟာ ထိပ်ဆုံးအဆင့် အနုပညာသမားစစ်စစ်တွေထက်တောင် အနုပညာရှင်နဲ့တူအောင် နေထိုင်တတ်ကြပါတယ်။ ခက်တာက သူတို့လက်ရာဟာ သူတို့ အပြောလောက် မကောင်းသေးတာပါပဲ။

ဖားလောင်းများ။ ။အဆင့် (၅)

ဓာတ်ပုံပညာကို အလွန်ချစ်မြတ်နိုးသူများဖြစ်ပါတယ်။ ကင်မရာကို ကိုယ်နှင့်မကွာ ဆောင်တတ်ကြပြီး ဓာတ်ပုံရိုက်နည်းမျိုးစုံ သီအိုရီပေါင်းများစွာ ကျေသူဖြစ်ပါတယ်။ ၎င်းတို့ပုံများမှာလဲ အပြစ်ပြောစရာမရှိပါ။ ဓာတ်ပုံပညာအကြောင်း (ကင်မရာအကြောင်းမဟုတ်)ကို တစိုက်မတ်မတ်လေ့လာတတ် ကြပြီး အခြားသူရိုက်ထားသောပုံများအားလည်း ဝေဖန်နိုင်ခံစား နိုင်သူများ ဖြစ်ကြပါတယ်။ မင်္ဂလာဆောင်ရိုက်ဖို့ ဝန်မလေးသလို မော်ဒယ်ရိုက်ခြင်းကိုလည်း အထူးကြိုက်နှစ်သက်တတ်ကြ ပါတယ်။ စနေ၊ တနင်္ဂနွေ အလုပ်အားရက်များတွင်တော့ အောက်ဒိုးထွက်ပြီး ရှုခင်းပုံများ လိုက်ရှာတတ်ကြပါတယ်။ ဆုကြေးစားပြိုင်ပွဲကြီးငယ်များ အဆင်ပြေသလို ဝင်ပြိုင်တတ်ကြ ပါတယ်။ တစ်ကိုယ်တော်၊ စုပေါင်းပြပွဲများလုပ်ပြီးဓာတ်ပုံရောင်းချခြင်းကိုလည်း အမြဲရည်မှန်းထားတတ်ပါတယ်။

ဝါသနာရှင်မက ကြေးစားမကျ အဆင့်ကို ရောက်နေ သော်လည်း ဓာတ်ပုံနှင့် ပတ်သက်သောဝင်ငွေမှာ အဓိကဝင်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းအောက် လျော့နည်းနေသေးသူဖြစ်ပါတယ်။ သူတို့ရဲ့ အတတ်ပညာနှင့်ဖန်တီးနိုင်မှုကို အနုပညာသွေးသား ဝိညာဉ် ထည့်ပေးလိုက်လျှင် ထိပ်ဆုံး(၇)အဆင့်ကို တက် လှမ်းနိုင်သူများဖြစ်ကြပါတယ်။ သို့ပေသော်ငြားလည်း ကင်မရာ ပစ္စည်းပေါ်အာရုံစိုက်ခြင်း ခေတ်ပေါ်နောက်လိုက်ခြင်း စသည့် အကျင့်ဆိုးများကြောင့် အချိန်မရွေး အောက်ဆုံးအဆင့်များသို့ ဇောက်ထိုးဆင်းသွားနိုင်သူများလည်း ဖြစ်ပါတယ်။

အထည်ကြီးပျက်များ။ ။ အဆင့် (၆)

အထည်ကြီးပျက်ဆိုသည်မှာ တကယ်တန်းတော့ ထိပ်ဆုံးမှော်ဝင်သူအဆင့် ရောက်ခဲ့ပြီးသော ဓာတ်ပုံ အနုပညာရှင် ပဲဖြစ်ပါတယ်။သူတို့ဟာအခြေအနေ အကြောင်းကြောင်းကြောင့် နေထိုင်စားသောက်မှုစရိတ်တွေအတွက် သူဖန်တီးထားတဲ့ ဝိညာဉ်တွေကို ချရောင်းရသူဖြစ်သွားပါတယ်။ အဲဒီအခါ မှာ သူ့ရဲ့ဖန်တီးနိုင်စွမ်းအားကို ဈေးကွက်ဝင်မှုနဲ့ စိတ်ကွန့်မြူးမှု တို့အကြား လိုတိုးပိုလျှော့လုပ်ပြီး ဈေးကွက်ထဲ ပို့လိုက်ရ သူပါ။ ဒါကြောင့် သူတို့ဟာ ထိပ်ဆုံးအဆင့်ကနေ ဈာန်လျှောပြီး ဈေးကွက်ဝင် ဖန်တီးချက်များကြောင့် အဆင့် ကျခဲ့ရပါတယ်။ ဂယ်လာရီပိုင်ရှင်တွေ၊ အမဲရှာနေတဲ့ အနုပညာ ကုန်သည်ပွဲစားတွေ၊ အနုပညာလက်ရာစုဆောင်းသူ သူဌေးတွေ ဟာ သူတို့ရဲ့ ပင်တိုင်ဖောက်သည်တွေ ဖြစ်တတ်ပါတယ်။ သူတို့ဖန်တီးထားတဲ့ အနုပညာလက်ရာတွေဟာ ဂယ်လာရီတွေက တဆင့် စတိုင်တခု၊ ရေစီးကြောင်းတစ်ခုအဖြစ် အများပြည်သူခံစားကြည့်ရှုနိုင်ကြပါတယ်။

မှော်ဝင်သူများ။ ။ထိပ်ဆုံးအဆင့် (၇)

အနုပညာမှော်အောင်ပြီဖြစ်တဲ့ အရှားပါးဆုံးနဲ့ အမြင့်ဆုံးအဆင့်ပါ။ ဒီအဆင့်ရောက်နေရင် ဖိုတိုဂရပ်ဖာ ဓာတ်ပုံ ဆရာဖြစ်ခြင်း ရှိခြင်းတွေ မလိုအပ်တော့ပါဘူး။ ဒီအနုပညာရှင်ဟာ သူ့ရဲ့စိတ်ကူးအယူအဆတွေ ခံစားချက်တွေကို နေရာတစ်ခု၊ လူတစ်ယောက်၊ ပုံရိပ်တစ်ခု စသည်တို့ကို ကင်မရာသုံးပြီး ဓာတ်ပုံနဲ့ ဖော်ကြူးလိုက်ခြင်းဖြစ်သွားပါတယ်။ ဓာတ်ပုံပညာဟာ သူနဲ့ခံစားသူပရိသတ်ကြားက မီဒီယံတစ်ခုသက်သက်မျှသာ အသုံးတော်ခံပါတယ်။သူဟာ ကင်မရာကို ကျေညက်နေပြီးလည်းဖြစ်ပါမယ်။ ဓာတ်ပုံအယူအဆ တွေကိုလည်းသိဖူးရင်သိဖူးပါမယ်။ သူပုံရိပ်တစ်ခုဖန်တီးချိန်မှာ တော့ ကင်မရာဟာသူ့စိတ်ခန္ဓာရဲ့ အစွယ်အပွားတစ်ခု ဖြစ်သွားပြီးသီအိုရီနဲ့ တက်ကနစ်ကယ်ကိစ္စတွေဟာသူ့ရဲ့သိစိတ် ကနေ ဝေးလွင့်သွားပါတယ်။ ဥပမာ ဂီတအနုပညာသမား တစ်ယောက်ဟာ သီအိုရီတွေ သင်ခဲ့မယ် စကေးလ်တွေ ကျင့်ခဲ့မယ်ဆိုပေမယ့် တကယ့်လက်တွေ့ဖန်တီးနေချိန်မှာ ဒါတွေ ကို မေ့သွားတဲ့ သဘောနဲ့ဆင်ပါမယ်။ ပန်းချီဆရာတစ်ယောက်မှာ စုတ်တံတစ်ဒါဇင်ရှိသလို၊ ဂစ်တာသမားတစ်ယောက်မှာ ဂစ်တာ အလက်နှစ်ဆယ်ရှိသလို၊ ဓာတ်ပုံမှော်ဆရာ တစ်ယောက်မှာ လည်း မတူကွဲပြားစွာဖန်တီးမှုပေးတဲ့ ကင်မရာပေါင်းများစွာ ရှိနေနိုင်ပါ တယ်။ သူတို့ အသုံးပြုတဲ့ ကင်မရာတွေဟာ တစ်ခါသုံး ကင်မရာ၊ Pinhole ကင်မရာ၊ ခေါင်းမြီးခြုံကင်မရာစသည်ဖြင့် မျိုးစုံဖြစ်နိုင်သလို ကင်မရာတစ်လုံးမှ မရှိခြင်းလည်းဖြစ်နိုင်ပါတယ်။ ကင်မရာပိုင်ဆိုင်မှုပမာဏဟာ သူ့ရဲ့ အနုပညာရှင်ဖြစ်မှုနဲ့ မည်သို့မျှ မဆက်စပ်တော့ပါဘူး။ သူတို့ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်ပုံတွေဟာ ခပ်ကြောင်ကြောင်တွေ ဖြစ်ချင်လည်းဖြစ်ပါ မယ်။ သူတို့ ဝိညာဉ်ပူးကပ် ဖန်တီးထားတာတွေကိုလည်း လျှို့ဝှက်ထားတတ်တဲ့အတွက်ကြောင့် အတွင်းကျကျ ရင်းနှီးသူ တွေကလွဲရင် မြင်ဖူးဖို့ ခဲယဉ်းပါလိမ့်မယ်။ သူတို့ကိုယ်သူတို့ အောက်အဆင့်ကို တစ်ဆင့်ချပြီး အထည်ကြီးပျက် ဘဝအဖြစ် ရောင်းမစားမချင်း သူတို့ရဲ့အနုပညာလက်ရာတွေကိုအများပြည်သူ မြင်နိုင်မှာမဟုတ်ပါ။

အနိမ့်ကနေအမြင့် ဓာတ်ပုံဆရာအဆင့်ခုနစ်ဆင့်လုံး တင်ပြပြီးစီးသွားပါပြီ။ သင်ဘယ်အဆင့်မှာ ရောက်နေပြီလဲဆိုတာ ဖိုတိုဂရပ်ဖာများ ဆန်းစစ်နိုင်ကြပါစေ။

ကျော်နန္ဒ

(Ken Rockwell ရဲ့ The Seven Levels of Photographers ကို မှီငြမ်းပြီးဆီလျော်အောင် ပြန်လည်ရေးသားထားပါတယ်။)

သဘာဝမြန်မာဓာတ်ပုံမဂ္ဂဇင်း (အတွဲ ၁၊ အမှတ် ၁၊ သြဂုတ်၊ ၂၀၁၂)