နောက်ကွယ်ကဖြစ်ရပ်ကိုမပြောနိုင်တဲ့ဓါတ်ပုံတပုံ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗီယက်နမ်စစ်ပွဲကာလအတွင်းရိုက်ကူးထားခဲ့တဲ့ဓါတ်ပုံတစ်ပုံဖြစ်ပါတယ်။သေနတ်မောင်းခလုတ်ကိုဆွဲနေတာကတော့တောင်ဗီယက်နမ်ဗိုလ်ချုပ် Nguyen Ngoc Loan ဖြစ်ပြီးအကွပ်မျက်ခံလူသားကတော့ ဗီယက်ကောင်း Captain အဆင့်ရှိ Nguyen Van Lem ဖြစ်ပါတယ်။
ဒီကွပ်မျက်မှုကိုမပြောခင်သူ့မတိုင်ခင်ဖြစ်ရပ်တွေကိုပြောဖို့လိုပါလိမ့်မယ်။Go Vap မှာရှိတဲ့ တောင်ဗီယက်နမ်တင့်ကားတပ်ရင်းတစ်ရင်းဟာ ဗီယက်ကောင်းတွေရဲ့စီးနင်းတိုက်ခိုက်မှုကိုခံခဲ့ရပြီးသိပ်မကြာခင်မှာပဲဗီယက်ကောင်းတွေရဲ့လက်အောက်ကိုရောက်သွားပါတယ်။ဝင်ရောက်စီးနင်းတဲ့ဗီယက်ကောင်းခေါင်းဆောင်ဟာတောင်ဗီယက်နမ်တပ်မှူးဒုဗိုလ်မှူးကြီး Nguyen Tuan ကိုဖမ်းဆီးပြီးသူ့ရဲ့မိသားစုကိုဓါးစာခံလုပ်ကာ တင့်ကားတွေအကြောင်းစစ်ကြောမေးမြန်းခဲ့ပါတယ်။ဒုဗိုလ်မှူးကြီးကဖြေဆိုဖို့ငြင်းဆန်တဲ့အခါဗီယက်ကောင်းခေါင်းဆောင်ဟာဒုဗိုလ်မှူးကြီးရဲ့ရှေ့မှောက်မှာပဲသူ့ဇနီး၊ကလေး(၆)ယောက်နဲ့အသက်ရှစ်ဆယ်အရွယ်မိခင်ကိုပါလည်လှီးသတ်ဖြတ်ပြခဲ့ပြီးဒုဗိုလ်မှူးကြီးကိုပါသတ်ဖြတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်အပြီးမှာတော့ဗီယက်ကောင်းခေါင်းဆောင်ကိုသူသတ်ဖြတ်ခဲ့တဲ့အရပ်သားအလောင်း(၃၄)လောင်းအနီးမှာပဲဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးစစ်ကြောခဲ့တဲ့အခါမှာတော့အထက်အမိန့်အတိုင်းဒီလိုသတ်ဖြတ်နိုင်တဲ့အတွက် သူ့လုပ်ရပ်ကိုဂုဏ်ယူကြောင်းဖြေကြားခဲ့ပါတယ်။ ဒီဗီယက်ကောင်းခေါင်းဆောင်ရဲ့အမည်ကတော့ Nguyen Van Lem ပဲဖြစ်ပါတယ်။
တောင်ဗီယက်နမ်တပ်ဖွဲ့တွေဟာဖမ်းဆီးရမိတဲ့ဒီရာဇဝတ်ကောင်ကိုလုပ်ထုံးလုပ်နည်းတွေအတိုင်းဗိုလ်ချုပ် Nguyen Ngoc Loan ဆီကိုပို့ဆောင်ခဲ့ပါတယ်။ရာဇဝတ်ကောင်ရဲ့လူမဆန်တဲ့လုပ်ရပ်တွေကိုကြားသိပြီးဖြစ်ပြီး ရဲဘော်ရဲဘက်တွေဆုံးရှူံးထားလို့သွေးပူနေတဲ့ ဗိုလ်ချုပ်ဟာချက်ချင်းပဲသူ့ရဲ့ .38 Special Smith & Weason Model 38 ပစ္စတိုနဲ့ကွပ်မျက်ပစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုအနီးမှာရှိတဲ့ NBC News ကသတင်းထောက် Eddie Adams ကမှတ်တမ်းတင်ခဲ့ပြီး ဒီသမိုင်းဝင်တဲ့ဓါတ်ပုံဖြစ်ပေါ်လာခဲ့တာပါ။
ဒီဓါတ်ပုံဟာမီဒီယာအားနဲ့ပျံ့နှံ့ခဲ့ချိန်မှာတော့စစ်ဆန့်ကျင်ရေးသမားတွေအတွက်တိုက်ပွဲဝင်နေကြတဲ့စစ်သည်တွေအပေါ်ဖိနှိပ်ဖို့လက်ကိုင်တုတ်တစ်ခုဖြစ်ခဲ့ပါတယ်။ဓါတ်ပုံမှာပေါ်လွင်နေခဲ့တာကဒီဗိုလ်ချုပ်ဟာစစ်ရာဇဝတ်သားတစ်ဦးကိုကွပ်မျက်နေတဲ့ပုံမပေါ်ဘဲအရပ်သားတစ်ဦးကိုပစ်သတ်နေတဲ့မြင်ကွင်းအဖြစ်သာပေါ်လွင်ခဲ့တာဖြစ်ပါတယ်။ဒီဓါတ်ပုံဟာစစ်ပွဲဆန့်ကျင်ရေးအတွက်အသုံးပြုတဲ့ပုံရိပ်တစ်ခုဖြစ်လာခဲ့ပြီးကာယကံရှင်ဗိုလ်ချုပ် Nguyen Ngoc Loan အနေနဲ့လည်းဖိအားတွေခံစားခဲ့ရပါတယ်။ စစ်ကြီးပြီးဆုံးချိန် Loan ဟာအမေရိကန်ကိုပြောင်းရွှေ့ပြီး Pizza ဆိုင်တစ်ဆိုင်ဖွင့်ကာအသက်မွေးခဲ့ပေမယ့်ဒီဓါတ်ပုံရဲ့ရိုက်ခတ်မှုတွေကြောင့်လူလုံးမလှဖြစ်ခဲ့ရပါတယ်။
ဓါတ်ပုံဆရာ Eddie Adams အနေနဲ့ကတော့၁၉၆၉ခုနှစ်မှာ ဒီဓါတ်ပုံအတွက်နဲ့ Pulitzer Prize for Spot News Photography ဆုကိုရရှိခဲ့ပါတယ်။နောက်ပိုင်းတွေ့ဆုံမေးမြန်းခဲ့တဲ့အခါမှာ “ဗိုလ်ချုပ်က ဒီရာဇဝတ်သားကိုပစ္စတိုနဲ့အဆုံးစီရင်ခဲ့သလိုကျွန်တော်ကလည်းဗိုလ်ချုပ်ကိုကင်မရာနဲ့အဆုံးစီရင်ခဲ့မိပါတယ်။ဓါတ်ပုံတွေဟာအစွမ်းထက်တဲ့လက်နက်တစ်မျိုးဖြစ်နေဆဲပါပဲ။လူတွေကဓါတ်ပုံတွေကိုယုံကြည်ကြပေမယ့်တကယ်တမ်းကျတော့ဓါတ်ပုံတွေကအမှန်တရားကိုမပြောပြနိုင်ပါဘူး။ဒီဓါတ်ပုံကပြောမပြခဲ့တာကတော့ခင်ဗျားတို့သာဗိုလ်ချုပ်နေရာမှာဆိုဘာလုပ်မှာလဲဆိုတဲ့လက်တွေ့ဆန်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်” ဆိုပြီးပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာဓါတ်ပုံဆရာ Adams က ဗိုလ်ချုပ် Loan ကိုဖြစ်ပေါ်ခဲ့တဲ့အကျိုးဆက်တွေအတွက်လူချင်းတွေ့ဆုံတောင်းပန်ခဲ့ပါတယ်။ Loan ဟာ ၁၉၉၈ခုနှစ်ဇူလိုင်လ၁၄ရက်နေ့မှာကင်ဆာရောဂါနဲ့ အမေရိကန်နိုင်ငံ၊ဗာဂျီးနီးယားမှာဆုံးပါးခဲ့ပါတယ်။
ဒီဓါတ်ပုံလေးဟာဗီယက်နမ်စစ်ပွဲရဲ့နာမည်ကြီးမှတ်တမ်းဓါတ်ပုံတစ်ပုံဖြစ်တဲ့အတွက်ဖော်ပြလိုက်ရပါတယ်။ဓါတ်ပုံကိုနက်နက်နဲနဲသုံးသပ်မယ်ဆိုရင်တော့ “အဆုံးစီရင်ခံရတဲ့လူနှစ်ယောက်” ကိုမြင်တွေ့ရမယ်လို့ ယုံကြည်မိပါတယ်ဗျ။
ခွက်ဒစ် ဓါတ်ပုံများကပြောသောစစ်သမိုင်း