ဓါတ်ပုံ စ ရိုက်သူများအတွက် လိုက်နာစရာ
Digital Photography School Blog ပေါ်မှာ တင်ထားတဲ့အချက် ၁၁ ချက်ပါတဲ့ blog post တစ်ခုကို ဖတ်ကြည့်လိုက်တော့ အခုမှ ဓါတ်ပုံပညာကို လေ့လာပြီး ဓါတ်ပုံ စ ရိုက်ကြမဲ့သူတွေအတွက် မှတ်သားစရာလေးတွေတွေ့လို့ ဘာသာပြန်တင်ပြပေးလိုက်ပါတယ်။ အရင်က ဒီပို့စ်ကို Photographic Enthusiasts Forum မှာ ဖေါ်ပြခဲ့ပေးဘူးပါတယ်။
ဓါတ်ပုံ စ ရိုက်သူတွေအတွက် မှတ်သားစရာ အချက် ၁၁ ချက်ကတော့ ဒီလိုပါ –
၁ – ဈေးကြီးတဲ့ ကင်မရာကိုဝယ်ဖို့ အရင်ဆုံး မကြိုးစားပါနဲ့
point and shoot လို့ ခေါ်တဲ့ကင်မရာလေးတွေနဲ့ ကောင်းတဲ့ပုံလေးတွေအရင်ရိုက်ကြည့်ပါ။ ကင်မရာဈေးပေါလို့ ပုံတွေမကောင်းလောက်ပါဘူးလို့မထင်ပါနဲ့၊ Flickr ပေါ်က point and shoot group မှာလေ့လာကြည့်ပါ။ ကင်မရာအသေးလေးတွေလဲ အစွမ်းထက်တာမြင်ရပါလိမ့်မယ်။ ဘယ်လိုကင်မရာမျိုးဝယ်ပြီး ကိုယ့်ကိုယ်ကို အဆင့်မြင့်သင့်ပြီလို့ သိတဲ့ တစ်နေ့ကျမှ ဈေးကြီးတဲ့ SLR ကင်မရာတွေဝယ်ကိုင်ရင်လဲ နောက်မကျသေးပါဘူး .. တဲ့ဗျ။
၂ – လက်မငြိမ်သေးတဲ့ beginner တွေအများကြီးပါ။ တချို့ဆို ပရိုတွေဖြစ်နေတာတောင် လက်မငြိမ်သေးပါဘူး၊ အဲသည်တော့ handshake ဖြစ်မှာကို ကာကွယ်ဖို့ tripod ဈေးပေါတာလေးတစ်ချောင်း ဝယ်ပါ။ ပြီးတော့ timer function နဲ့ရိုက်တဲ့အခါ ပုံကောင်းလေးတွေ ရပါလိမ့်မယ် .. တဲ့။
၃ – ကင်မရာကို ကိုယ်နဲ့မကွာ အမြဲယူသွားပါ၊ တခါတရံ မျှော်လင့်မထားတဲ့ ပုံကောင်းလေးတွေ ကိုယ်သွားရာလမ်းမှာ မထင်မှတ်ထားပဲ ရလာတတ်ပါတယ် .. တဲ့။
၄ – ကိုယ်ရိုက်ချင်တဲ့ အကြောင်းအရာလေးတွေကို ကြိုပြီးစဉ်းစား-မှတ်သားထားပါ၊ notebook လေးတစ်အုပ်ဆောင်ထားပြီး ကိုယ်ကြိုက်တဲ့ နေရာ frame တစ်ခုရဲ့ အလင်းအမှောင်၊ ရာသီဥတု လူသွားလူလာ ရှုပ်ထွေး/ရှင်းလင်း ချိန် စတာတွေကို မှတ်သားထားပါ၊ တစ်ချိန်အဲသည်နေရာကပုံကို ပြန်လိုချင်ရင် ကိုယ်မှတ်သားထားတဲ့အချိန်ကျမှ အေးအေးဆေးဆေး ပြန်သွားပြီး ပုံကောင်းရအောင်ရိုက်ယူပါ … တဲ့။
၅ – ကျနော်တို့ရဲ့ ဧည့်ခန်းတွေ နဲ့ ခြံအပြင်ဘက် အိမ်နောက်ဘက် စတဲ့နေရာတွေမှာ ထူးပြီးစိတ်ဝင်စားစရာတွေ ရှိမှာမဟုတ်ပါဘူး ဆိုပြီးလျစ်လျူရှု မထားပါနဲ့၊ သေသေချာချာ ဂရုစိုက်ပြီးလေ့လာကြည့်လိုက်တဲ့အခါ အလင်းရောင် ဆန်းဆန်းပြားပြားကျနေတာတွေရဲ့ အောက်မှာ ပန်းရိုင်းလေးတွေကလဲ လှနေတာတွေ့ရမှာပါ၊ ပန်းရိုင်းလေးတွေ၊ လိပ်ပြာလေးတွေ၊ အိမ်ဘေးက သစ်ပင်လေးတွေ စသည်ဖြင့် ရှာဖွေကြည့်လိုက်တဲ့အခါ subject ရိုးရိုးလေး ကဘဲဆန်းဆန်းပြားပြား ပုံလေးတစ်ပုံအဖြစ် ရိုက်ယူလို့ရနိုင်တာကို တွေ့ရမှာပါ … တဲ့
၆ – ဓါတ်ပုံဝါသနာရှင်တစ်ယောက်ဖြစ်လာလို့ကတော့ ရိုက်စရာတွေ/သင်ယူစရာတွေ/လုပ်စရာတွေ ဘယ်တော့မှ မကုန်ခမ်းသွားနိုင်ပါဘူး။ ဓါတ်ပုံဆရာတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုကြည့်ကြည့်လိုက်ရင် ဘယ်တုံးကမှ သတိမထားမိတာတွေကို ဓါတ်ပုံတစ်ပုံအဖြစ်ဖန်တီးဖို့ သတိထားမိလာပါလိမ့်မယ် … တဲ့
၇ – စာအုပ်ဆိုင်တွေကဘဲ ဖြစ်ဖြစ်၊ သူငယ်ချင်းဓါတ်ပုံဆရာတွေဆီကဘဲဖြစ်ဖြစ်၊ online မှာဘဲဖြစ်ဖြစ် ဓါတ်ပုံပညာနဲ့ပတ်သက်တဲ့လေ့လာစရာတွေ ရှာဖွေလေ့လာနေပါ .. တဲ့
၈ – point and shoot ကင်မရာလေးတွေမှာပါတဲ့ symbol လေးတွေအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိအောင် လုပ်ထားရပါမယ်၊ ပြီးမှ အဲဒီ symbol setting လေးတွေအတိုင်း တစ်ခုခုကို တစ်မျိုးပြီးတစ်မျိုး ရိုက်ကြည့်ပါ၊ setting ပြောင်းပြီးရိုက်ကြည့်တာများများလုပ်မှ ဘယ် setting က ဘယ်လိုဆိုတာကို ပိုပြီးသဘောပေါက်နားလည်လာမှာပါ၊ ပြီးတော့ရှိသေးတယ် – ကိုယ့်ပုံတွေကို ကွန်ပျူတာပေါ်တင်ကြည့်တဲ့အခါ ပုံတွေရဲ့ exif data တွေကိုပြန်လေ့လာကြည့်ပါ၊ (Microsoft Windows ပေါ်မှာဆိုရင် အဲဒီပုံရဲ့ properties > summary > advance မှာ ကြည့်လို့ရပါတယ်)
အဲသလိုပြန်ကြည့်ပြီး ကိုယ် ရိုက်လိုက်တဲ့ ဆက်တင်နဲ့ ကိုယ့်ရဲ့ပုံထွက်ကို နှိုင်းယှဉ်လေ့လာကြည့်ပါ .. တဲ့
၉ – ဓါတ်ပုံပညာနဲ့ပတ်သက်တဲ့ သတင်းတွေဟာ အင်တာနက်ပေါ်မှာ ကြည့်၍မကုန်နိုင်အောင်ကိုများပါတယ်၊ composition လို့ခေါ်တဲ့ ဓါတ်ပုံမှာပါဝင်လာမဲ့ အရာဝတ္ထုတွေ၊ လူတွေ နဲ့ အခြားသက်ရှိတွေကို ဘယ်လိုနေရာချသင့်တယ်ဆိုတာက စ ပြီးလေ့လာသင့်ပါတယ်၊ photography composition articles ကို http://photoinf.com/ website မှာလေ့လာနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ထက် အတွေ့အကြုံရှိသူ ဓါတ်ပုံဆရာကြီးများထံက ဓါတ်ပုံပညာနဲ့ပတ်သက်တဲ့ စကားတွေကို ရှာဖွေနာယူပါ၊ (မြန်မာနိုင်ဓါတ်ပုံအသင်းကလဲ ကြာသပတေးနေ့တိုင်း ဓါတ်ပုံစကားဝိုင်း ဆိုတာ လုပ်ပေးနေပါတယ်)။ အရေးကြီးတာတစ်ချက်ကတော့ ဓါတ်ပုံဆိုင်ရာ ဥပဒေသ တွေကို ကိုယ်က ဂရုမထားဘဲ ရိုက်နိုင်တဲ့အဆင့်မရောက်ခင်မှာ အဲသည် ဥပဒေသ တွေကို လိုက်နာကျင့်သုံးကြည့်ဖို့ လိုပါတယ် .. တဲ့။ rules of third တို့ ဘာတို့ ပေါ့ဗျာ ..
၁၀ – နေ့စဉ်ဓါတ်ပုံရိုက်ပါ၊ အဲသလိုမှ မလုပ်နိုင်ရင် ဓါတ်ပုံရိုက်လေ့ကျင့်ဖို့အတွက် ကိုယ့်အချိန်လဲက နဲနဲဖြစ်ဖြစ် ဖဲ့ပြီးပေးကြည့်ပါ။ အဲဒီအချိန်ရောက်ရင် မှန်မှန်လေ့ကျင့်ပါ၊ Digital Photgraphy School လိုမျိုးရဲ့ အပတ်စဉ် assignment တွေကိုလုပ်ကြည့်ပါ … တဲ့ ၊
၁၁ – နောက်ဆုံးတစ်ချက်ကတော့ တစ်ခုခု ကို စမ်းသပ်ဖို့ experiment လုပ်ဖို့ မကြောက်ပါနဲ့၊ ဒစ်ဂျစ်တယ်ကင်မရာသုံးနေသူတစ်ယောက်အတွက် အမှားတန်ဘိုး cost of error က သုံညပါ၊ ရိုက်တာမှားသွားရင်ပြန်ရိုက်ပါ၊ ပြန်ရိုက်ဖို့အတွက် ထပ်ပြီး မကုန်တော့ပါဘူး လို့ ဆိုလိုချင်တာပါ။ ကိုယ်လိုချင်တဲ့ result မထွက်မချင်း စိတ်ရှည်ရှည်နဲ့ ရိုက်ယူရင်း ကိုယ့်ဘာသာကိုယ် ဖြည်းဖြည်းချင်း တိုးတက်လာပါလိမ့်မယ် .. တဲ့ ဗျား။
ဓါတ်ပုံကိုအခုမှ စ ပြီးရိုက်ကြမဲ့သူတွေအတွက် အားရှိစရာတွေပါ၊
ဒီဆောင်းပါးမှာပါတဲ့အတိုင်း လိုက်လုပ်ကြည့်ရင်း ကျွမ်းကျင်တဲ့ ဓါတ်ပုံဆရာ/ဓါတ်ပုံဆရာမ ကြီးတွေ ဖြစ်လာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
credit to U Win Naing